"Dandelion Notes"

 ကြယ်ရောင်ပျပျအောက်တွင် ခိုင် မြင်နေရသည်က တံတားတစ်စင်း၊ ထို တံတားပေါ်တွင်ကား ဆံပင်အရှည်နှင့် မိန်းကလေးတစ်ယောက်ဟု ထင်မိလေသည်။ ထိုမိန်းကလေး၏ ပုံသဏ္ဍာန်အား အသေအချာမြင်ရရန် ခိုင် သည် ရှေ့သို့ တိုးကာကြည့်မိ၏။ ခိုင် ရှေ့သို့ တိုးကာ စူးစမ်းလေလေ ထို မိန်းကလေးသည် ရှေ့သို့ ရွေ့လျားလေလေပင် ဖြစ်သည်။ တစ်မိနစ်၊ နှစ်မိနှစ်.......၁၀ မိနစ် အချိန်များကို ရေတွက်ရင်း ခိုင် မောလှပြီ။ မိမိကိုယ်တိုင်၏ နှလုံးခုန်သံနှင့် အသက်ရှူသံတို့ကိုပင် ပြန်ကြားနေရသည်ဟု ထင်မိလေသည်။ မောပန်း၍ ခဏတာ ရပ်သောအခါ ထိုမိန်းကလေး သည်လည်း ရပ်တန့်၍ သွားလေသည်။ နောက်ဆုံးတွင် လိုချင်သောအရာကို မရသည့် ကလေးငယ်သဖွယ် ထအော်ငိုမိလေသည်။ အော်ငို၍ ဝမှပင် ခိုင် ငယ်စဉ်ကတည်းက စွဲစွဲမြဲမြဲ မက်ခဲ့သော အိပ်မက်ဟု သတိရတော့သည်။ သို့ရာတွင်ကား ထို အိပ်မက်ကို ဘယ်အချိန်ကစ၍ မက်ခဲ့သည်ကို စဉ်းစား၍ မရတော့။ ဖြစ်နိုင်သည်မှာ ခိုင် မမှတ်မိနိုင်သည့် အတော်ငယ်သည့် ကာလကတည်းပင်ဖြစ်မည်ထင်သည်။ မက်သည့်အခါတိုင်းလည်း ထိုနေရာ၌ပင် ရပ်တန့်သွားစမြဲပင်။

ထိုအိပ်မက်အား ဒေါ်လေးမှ လွဲ၍ ခိုင် ဘယ်သူ့ကိုမျှ မပြောစဖူး။ ဇော့်ကိုပင် မပြောပြဖူးပေ။ ခိုင် ၏ ဘဝတွင် ဒေါ်လေးနှင့် ဇော် သည် သွေးသားအရ တော်စပ်ခြင်းမရှိဘဲ အရင်းနှီးဆုံးသူများ ဖြစ်သည်။ ဒေါ်လေးသည် အိမ်သို့ ဘယ်အချိန်တည်းက ရောက်ခဲ့သည်ကို ခိုင် မသိ၊ ငယ်ငယ်က မေမေ့ကို မေးကြည့်ရန် စိတ်ကူးသော်လည်း လောင်းကစားမှ လွဲ၍ ခိုင့် အားအချိန်မပေးခဲ့သောကြောင့် အခွင့်မသာခဲ့ပေ။ ဒေါ်လေးကို မေးကြည့်ရာတွင်လည်း တရှုံ့ရှုံ့ငိုသည်သာ ဖြစ်သောကြောင့် နောင် ထပ်၍ မမေးရန် ဆုံးဖြတ်ခဲ့မိလေသည်။ ဒေါ်လေး ဘယ်က လာသည်၊ သူမ တို့မိသားစုနှင့် မည်ကဲ့သို့ သွေးသားတော်စပ်သည် ဆိုသည်မှာ အရေးမကြီးဟု စဉ်းစားမိခဲ့သည်။ ခိုင် နားမလည်သော “နောက်မီးလင်း” သည်ဟူသော စကားနှင့် ရန်ဖြစ်တတ်သည့် ဖေဖေ၊မေမေ တို့ထက် ဒေါ်လေးနှင့် နေရသည်မှာ ပို၍ စိတ်ချမ်းသာစရာကောင်းသည်ဟု ထင်သည်။ အမှန်တကယ်တော့ ဖေဖေ၊မေမေ တို့ ပြောသော စကားများသည် ခိုင့်အတွက် နားလည်ရန် ခက်ခဲလှ၏။ မေးရန် ကြိုးစားသော အခါတွင် လည်း “ကလေးနှင့် မဆိုင်၊ ကိုယ့်နေရာ ကိုယ်နေစမ်း” ဟု သာ အအော်ခံရလေသည်။ ထိုအခါ ဒေါ်လေးက ခိုင် အားစာအုပ်တစ်အုပ်ပေးကာ ကာတွန်းပုံများကို ကူးစေရာ ချောင်တစ်ချောင်တွင် ကုပ်၍ အရုပ်ရေးခြစ်ခြင်းသည် ခိုင့် အတွက် ဝမ်းနည်းစိတ်ကို ဖြေဖျောက်ပေးသည့် အကျင့်တစ်ခု ဖြစ်လာတော့သည်။
ခိုင် သည် မိမိရှေ့တွင် ပျော်ရွှင်နေသော မိသားစုများကို တိတ်တခိုးကြည့်ကာ မနာလိုဖြစ်ဖူး၏။ တစ်အိမ်ကျော်မှ စုစုသည် အင်မတန်ပင် ဂုဏ်ဆာတတ်သည်ဟု ခိုင် ထင်သည်။ သူ၏ ဖေဖေ ဝယ်လာပေးသော အရုပ်များကိုယူလာက တစ်တန်းလုံးကို ပတ်ကြွားတတ်၏။ စိတ်ထဲတွင် ထိုအရုပ်များကို ကုတ်ဖြဲကာ စုတ်ပစ်လိုစိတ်များ တဖွားဖွားပေါ်လာရသော်လည်း ထိန်းချုပ်ရ၏။ မိဘများသည် ဆိုးသော သားသမီး ကို မချစ်ဟု ခိုင် ကြားဖူးသည်။ ထိုသို့ ဆိုးဝါးလျှင် ဖေဖေ၊မေမေ တို့မှ ပစ်ပယ်မည်ကို ခိုင် တွေးကြောက်မိသည်။ သို့သော်လည်း လိမ္မာအောင် နေပါသော်လည်း ချစ်ခြင်းမခံရသော အခါ ခိုင်ကိုယ်တိုင်လည်း လိမ္မာရန် မကြိုးစားတော့ပေ။
ခိုင် ၁၃ နှစ်သမီးအရွယ်တွင် သေခြင်းတရားကို မြင်တွေ့ခဲ့ရ၏။ ဒေါ်လေး၏ ရုပ်အလောင်းကို ကြည့်ကာ ခိုင် တုန်လှုပ်ခဲ့ရသည်မှာ အမှန်ပင်။ မိမိအားချစ်ခြင်းပေးသော တစ်ဦးတည်းသောသူတစ်ယောက် အပြီးတိုင်ပျောက်ကွယ်သွားခြင်းအား မည်သူက အလိုရှိပါမည်နည်း။ ခိုင် သည် နေရသည်မှာ မပျော်တော့ဟု ထင်သည်။ သို့သော်လည်း ဘယ်အချိန်တွင် ပျော်ခဲ့ပါသနည်းဟု မေးလျှင် ခိုင့်တွင် ရေရေရာရာ အဖြေမရှိ။ ဖေဖေနှင့် မေမေတို့သည် ဒေါ်လေး၏ နာရေးနေ့တွင်ပင် တစ်ဦးနှင့်တစ်ဦး အော်ငေါက်နေကြပြန်သည်၊ သူတို့သေလျှင်တောင် ခိုင်သည် ယခုလောက်ထိ ဝမ်းနည်းမည်မဟုတ်ဟု တွေးမိပြန်သည်။ယခုလို အတွေးကြောင့် ငရဲရောက်လျှင်ဟု ခိုင်သည် ရှိမှန်းမသေချာသော ငရဲကို တွေးကာ ကြောက်မိသလို ဖြစ်ပြန်သည်။
ယခုတခါတွင်တော့ ခိုင် သည် ထိုမိန်းကလေး၏ ကိုယ်ဟန်အနေအထားအား မထင်မရှားမြင်တွေ့လိုက်ရ၏။ ထိုမိန်းကလေး၏ လက်ထဲတွင် ဗူးရှည်တစ်ခုအား ကိုင်ထားသည်ဟု မြင်မိလေသည်။ နိုးလာလျှင်တော့ ခိုင်သည် ထိုအိပ်မက်ကြောင့် တုန်လှုပ်ရခြင်းလည်း မဖြစ်ဘဲ တဖြည်းဖြည်းတိုးတက်လာပြီဟု တွေးမိသည်။ ပြောပြချင်စရာ ဒေါ်လေးကိုတော့ လွမ်းမိသားပင်။
ခိုင် အိမ်မှထွက်၍ အဆောင်နေ တက္ကသိုလ်တက်သော အချိန်တွင် ဇော်နှင့် တွေ့ခဲ့ရ၏။ ဇော်သည် ခိုင့် အပေါ်တွင် အတော်ပင် စိတ်ရှည်၏။ မိမိ၏ ကျိုးပျက်နေသော အပိုင်းအစများကို စိတ်ရှည်လက်ရှည်ဆက်ပေးရန် စိတ်လိုလက်ရ ရှိသူလည်းဖြစ်နေပြန်သည်။ ချစ်ခြင်းမေတ္တာကို အဓိပ္ပာယ်အလီလီမဖွင့်တတ်သော ခိုင်သည် ဇော်၏ အချစ်ကိုကား သံသယကင်းစွာပင် ယုံကြည်မိ၏။ ဇော်နှင့်တွေ့ပြီး နောက်ပိုင်းတွင် ခိုင်သည် အခန်းဖော် နွယ် နှင့်ပင် စကားပြောလိုစိတ် မရှိတော့၊ ဇော်သည်သာ ခိုင့်အတွက် သက်တောင့်သက်သာအဖြစ်စေဆုံးသော စကားပြောဖော်ဖြစ်လာလေသည်။ သို့သော်လည်း ဇော်သည် ခိုင့်အနားတွင် အမြဲရှိပေးနိုင်သည်တော့ မဟုတ်။ ခိုင် ဝမ်းနည်းသော၊ပုံမှန်ထက်ပို၍ စိတ်မပျော်သော အချိန်တွင်သာ ရောက်လာခြင်း ဖြစ်လေသည်။ သို့သော်လည်း အပြင် ပတ်ဝန်းကျင်ကို စိတ်မဝင်စားသော ဇော်သည် ခိုင့်အတွက် အကောင်းဆုံးသော အရင်းနှီးရဆုံးသော သူတစ်ဦးပင်ဖြစ်သည်။
နွယ်တို့သည် ခိုင်နှင့် ဇော်၏ ကောင်းမွန်သော ဆက်ဆံရေးကို နားမလည်ကြပေ။ ခိုင့်အား တစ်ယောက်တည်း မနေရန် ခဏခဏ ပြောလေ၏။ ဇော်ရှိနေသည့် တိုင်အောင် ခိုင့်အား အဝေးသို့ ဆွဲထုတ်ရန် ကြိုးစားကြလေသည်။ နွယ်၏ လူမှုရေး မသိတတ်ခြင်းသည် အတော်ပင် ဆိုးဝါးလှသည် ခိုင်က ကောက်ချက်ချမိလေသည်။တစ်ခါတလေတွင်တော့ ခိုင်၏ ဇော်ကို တမင်ပင် မျက်ကွယ်ပြုကြသည်။ ခိုင်သည် စစ်မှန်ခြင်းမရှိသော သူကို စွဲလန်းနေသည့်နှယ် ဆက်ဆံပြန်သည်။ ခိုင့်ကို စိုးရိမ်ကြောင်းလည်း ပြောပြန်၏၊ နွယ် အဘယ့်ကြောင့် စိုးရိမ်သည်ကို ခိုင်နားမလည်သော်လည်း နွယ်သည် စိတ်ရှုပ်ထွေးစရာကောင်းသူဟု ခိုင်က တိတ်တိတ်လေး တွေးမိပြန်၏၊ ဇော်နှင့် တွေ့လျှင်တော့ ဤအကြောင်းကို ပြောပြရမည်၊ နောင်ဆိုလျှင် နွယ့်ရှေ့တွင် ဇော့်အကြောင်း မပြောရန်လည်း ဆုံးဖြတ်လိုက်သည်။
ထိုနေ့က ထိုမိန်းကလေးသည် ဖြည်းညှင်းစွာပင် လျှောက်နေ၏။ ခိုင် သည် မိမိ အသက်ရှူသံကို ကျယ်လောင်စွာ ကြားသည်အထိ ယုံကြည်ချက်တစ်ခုပင် ပြေးလျှောက်ခဲ့၏။ တဖြည်းဖြည်းနှင့် ထိုမိန်းကလေးဆီမှ အသံတစ်ခုကြားရသည်အထိ နီးကပ်လာပြီဖြစ်သည်။ ဆောင်းဦးလေ၏ အဝေ့ မီးရောင် ဝိုးတဝါးအရောက်တွင်တော့ ထိုမိန်းကလေးအား သေချာစွာတွေ့မြင်လိုက်သည်။ အိုးရှည်တစ်ခုကိုကိုင်လျက် နှာခေါင်းထဲတွင် ပိုက်ထည့်ထားသော ဖြူဖတ်ဖြူရော် မိန်းကလေးသည် ခိုင်နှင့်တူလှချေတကား။ ။

Comments

Popular posts from this blog

Literary Commentary on "Happening"