"Who Counts As a Feminist"
YouTube video တခုမှာ bell hooks က သူ့ ကျောင်းသူတစ်ယောက်က “သူက ဖမ်မနစ်ဖြစ်တယ်၊ ဒါပေမယ့် anti-abortion ကိုတော့ ဆန့်ကျင်တယ် ပြောတဲ့အခါ သူက အဲ့လိုမျိုးဆို ဖမ်မနစ်လို့ ခေါ်လို့ရမလား” လို့ပြောတာမျိုး ကိုတွေ့တော့ ဂျဲန်ဒါအရေးတက်ကြွလှုပ်ရှားသူတွေက ဖမ်မနစ်ဇမ်ကို ရှုထောင့်မျိုးစုံကနေ အဓိပ္ပာယ်သတ်မှတ်တဲ့အတွက် ကိုယ့်ကိုယ်ကို ဖမ်မနစ်လို့ နာမည်တပ်ဖို့ ခက်တယ်လို့ ပြောဖူးတာကို ပြန်သတိရမိတယ်။
ကျွန်မတို့က ဖမ်မနစ်ဆိုတာကို ဘယ်လိုနားလည် ထားကြလဲ။ ဖမ်မနစ်တွေက တက်တူးနဲ့လား၊ ဘီယာဆိုင်မှာ အရက်ဝိုင်းမှာ ဆေးလိပ်သောက်နိုင်ရင် ဖမ်မနစ်လား၊ အဲ့ဒါဆိုရင် စက်ရုံထဲက၊လယ်ထဲက စက်ချုပ်သမ၊လယ်သူမ တွေကကော ဖမ်မနစ် မဖြစ်နိုင်ဘူးလား။ ဖမ်မနစ်ဇမ်ကို ရှုထောင့်၊အတွေးအခေါ် အမျိုးမျိုးကို အခြေခံပြီး အမျိုးမျိုးပြောကြပေမယ့် တူညီတာရော မရှိနိုင်ဘူးလား။
ဘာလို့လဲဆိုရင် တစ်သီးပုဂ္ဂလ အခွင့်အရေး၊ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေး စတဲ့လှုပ်ရှားမှုတွေဆီကို ဦးတည်တဲ့ လစ်ဘရယ်ဖမ်မနစ်တွေ ရှိသလို သူတို့ရဲ့ လစ်ဘရယ်စံနှုန်းတွေကို ဦးတည်တာဖြစ်တဲ့အတွက် အရင်းရှင်စနစ်ရဲ့ ခေါင်းပုံဖြတ်မှု၊ နယ်ချဲ့ဝါဒ စတာတွေကို ထည့်မစဥ်းစားတဲ့ အားနည်းချက်ကို ဝေဖန်ထောက်ပြတာတဲ့ မာ့က်စ်ဝါဒီဖမ်မနစ်၊ လူမည်းဖမ်မနစ် တွေလည်း ရှိတာကို။ ဒီနေရာမှာ အမျိုးသမီးတွေရဲ့ ကိုယ့်ခန္ဓာကိုယ် ကိုယ်ပိုင်ခွင့်၊ လူတစ်ဦးချင်းစီရဲ့ sexual autonomy စတာတွေအတွက် တိုက်ပွဲဝင်တဲ့ လစ်ဘရယ် ဖမ်မနစ်တွေကို ဖမ်မနစ်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ သူတိုင်းက ဆန့်ကျင်မှာမဟုတ်ဘူး။ စီးပွားရေး၊ပညာရေး၊ လူမှုရေးအရ privilege ရထားပြီးသား ဖြစ်တဲ့ အထက်လွှာလူတစုကိုပဲ ဦးတည်ထားတဲ့ ကော်ပရိတ်တွေ၊ ဆုံးဖြတ်ခွင့်ချပိုင်ခွင့်တွေမှာ အမျိုးသမီးတွေ နေရာရရေးလောက်ကိုပဲ ဦးတည်တဲ့ ဘူဇွာဖမ်မနစ်ဇမ် ဒါမှမဟုတ် Glass Ceiling ဖမ်မနစ်ဇမ်ကို ထောက်ပြတာမျိုး ဖြစ်တယ်။ အရင်းရှင်စနစ်အောက်မှာ အမျိုးသမီးတွေအပေါ် နှစ်ဆပိနေတဲ့ ပိုက်ဆံရတဲ့အလုပ်၊ ပိုက်ဆံမရတဲ့ လုပ်အား စတဲ့ လူတန်းစားကိစ္စကို ထည့်မတွက်တာကြောင့် ထောက်ပြတာမျိုးဖြစ်တယ်။ (ရိုဇာလူဇင်ဘာ့ဂ်ကတော့ ဘူဇွာဖမ်မနစ်တွေဟာ အလုပ်သမားလူတန်းစားအမျိုးသမီးတွေရဲ့ လုပ်အားကို အမြတ်ထုတ်သူတွေ ဖြစ်နိုင်တယ်ဆိုပြီး ပြောဖူးတာရှိတယ်။)
ဘယ်လိုပဲ ကိုယ့်ဘာသာ လစ်ဘရယ်ဖမ်မနစ်၊ မာ့က်စ်ဝါဒီ ဖမ်မနစ် (social reproduction feminist)၊ အင်တာဆက်ရှင်နယ်ဖမ်မနစ် စသဖြင့် ခေါ်ခေါ် လိင်အခြေပြုဖိနှိပ်မှုကို ဆန့်ကျင့်တာ၊ ကိုယ့်ခန္ဓာကိုယ် ကိုယ်ပိုင်ခွင့် စတာတွေကတော့ အခြေခံတွေပဲလို့ တွေးမိတယ်။ bell hooks ရဲ့ အင်တာဗျူးကလို ဖမ်မနစ်လို့ နာမည်တပ်ပြီး abortion ကို လက်မခံတဲ့ body autonomy ကို တောင်လက်မခံတဲ့သူဆိုရင် ဖမ်မနစ် လို့ခေါ်နိုင်ပါ့မလား။ နောက်တခုကတော့ ဖမ်မနစ် ဒါမှမဟုတ် ဂျဲန်ဒါအရေးတက်ကြွလှုပ်ရှားတယ်ပြောပြီး homophobic ဖြစ်နေရင်ကော။ ဒီနေ့ ပတ်ဝန်းကျင်မှာ သဘောပေါက်ထားတဲ့ ဂျဲန်ဒါ နဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေက binary အတွေးအခေါ်ထဲက မလွတ်နေတာလည်း သတိထားမိပါရဲ့။ တကယ် ပေထရီအာခီကို ဆန့်ကျင်တယ် တိုက်ဖျက်တယ်ဆိုရင် ပေထရီအာခီနံ့မသင်းတဲ့ heteronormativity ကိုပဲ ပုံမှန်လို့ သဘောထားတဲ့ စနစ်ကို ဆန့်ကျင်ရမှာပဲ မဟုတ်လား။ နောက်ပြီး ကိုယ်က အထက်အောက်စနစ်နဲ့ အလုပ်လုပ်တဲ့ ပေထရီအာခီစံနှုန်းတွေကို သွတ်သွင်းသူ ဖြစ်နေရင်ကော (ဥပမာ- အဖွဲ့တခုအတွင်းမှာ ကိုယ်က အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့် ကို ရထားပါရဲ့ လက်အောက်ငယ်သားတွေကို ပြန်ဖိနှိပ်ပြီး ဖြစ်စေ ငါကရာထူးကြီးမို့နားထောင်ရမယ်၊ ငါပြောသမျှ နာခံရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ဖြစ်စေ အဲ့လိုပါဝါကို ပြန်သုံးနေတဲ့သူ ဖြစ်နေရင်ကော။)
ဆိုတော့ အစ်မတစ်ယောက်ပြောသလိုပဲ social reproduction feminist တွေ intersectional feminist တွေ ပြောနေတဲ့ အတွေးအခေါ်တွေက နိုင်ငံရေး၊စီးပွားရေး အရလည်း ကိုလိုနီအပြုခံရ၊ အရင်းရှင်စနစ်ရဲ့ ဂုပ်သွေးစုပ်အမြတ်ထုတ်အလုပ်လုပ်တဲ့ ဒဏ်ကိုခံရ၊ စစ်အာဏာရှင်စနစ်ကိုပါ လက်နက်ကိုင်တော်လှန်ရေးနဲ့ တွန်းလှန်နေရတဲ့ ကျွန်မတို့နဲ့ လိုက်လျောညီထွေမှုအရှိဆုံးပဲထင်တယ်။ ဒီနေရာမှာ intersectionality ဆိုတာလည်း ဖိနှိပ်မှုတွေက အလွှာတိုင်းမှာ ရှိပြီး အဲ့ဖိနှိပ်မှုတွေက ချိတ်ဆက်နေတာဖြစ်တဲ့အတွက် မတူညီတဲ့ identity background အသီးသီးကနေ ဘယ်နှဦး၊ဘယ်နှယောက် ပါဝင်လာရေး ဆိုတာထက် ပိုတယ်ဆိုတာ သတိထားသင့်ပါတယ်။
Comments
Post a Comment