"IDEOLOGY MATTERS"


 “The first duty of a revolutionary is to be educated” လို့ ကျူးဘားတော်လှန်ရေးရဲ့ အဓိကပြယုဂ်တစ်ခုဖြစ်တဲ့ ချေ က ဆိုခဲ့တယ်။ဒီစကားဟာလည်း နွေးဦးတော်လှန်ရေးမှာ အိုင်ဒီယော်လော်ဂျီ အရွေ့အပြောင်းအလဲ ဖြစ်စေချင်တဲ့သူတွေကြားမှာ ခဏခဏ ကြားရလေ့ရှိတယ်။ အိုင်ဒီယော်လော်ဂျီ အပြောင်းအလဲဟာ လူလတ်တန်းစားတင်မကဘဲ အောက်ခြေလူတန်းစားအထိ ပျံ့နှံ့စီးဆင်းဖို့လိုတယ်လို့မြင်ပါတယ်။

အိုင်ဒီယော်လော်ဂျီဟာ နိုင်ငံတော်ရဲ့လက်နက်လား

ဗမာဖြစ်ခြင်းဆိုတဲ့ privilege ကလွဲလို့ သတင်းအချက်အလက်တွေ လက်လှမ်းမမီတဲ့နေရာမှာ ကြီးပြင်းလာသူတစ်ဦးအနေနဲ့ ကျွန်မတွေးမိလာတာက ကျွန်မတို့ရဲ့ သိမှုဘောင်၊ အိုင်ဒီယော်လော်ဂျီဟာ နိုင်ငံတော်က ကန့်သတ်ထားသလောက်ပဲ တွေးခွင့်ရတယ်လို့ ခံစားမိလာတယ်။ ကျောင်းထိုင်ဘုန်းကြီးရဲ့ စကားတစ်ခွန်းဟာ အများကြီး သက်ရောက်မှုရှိတဲ့ နေရာမှာ ပြီးခဲ့တဲ့ ၂၀၁၃ မိတ္ထီလာ၊ရခိုင် အရေးခင်းတွေ ဖြစ်တဲ့အချိန်က ဖြစ်ပျက်နေတဲ့ အခြေအနေကိုသတိရလာတယ်။ အဲ့ဒီတုန်းက ဥပုသ်နေ့တွေဆိုရင် အမေက ကျောင်းထိုင်ဘုန်းကြီးဝေလိုက်တဲ့ မဘသ စာစဥ်တွေကို သယ်လာလေ့ရှိတယ်။ ဘုန်းကြီးတွေရဲ့ တရားဟောတဲ့ အကြောင်းအရာတွေမှာလည်း လူမျိုးခြားဆိုင်မှာ မဝယ်ဖို့ (၇၈၆ ကို အားမပေးဘဲ ၉၆၉ ဆိုင်တွေကို အားပေးဖို့)၊ ဘာသာတူလူမျိုးတူ လက်ထပ်ဖို့ဆိုတဲ့အကြောင်းအရာတွေဟာ ဥပုသ်နေ့တိုင်း ပြောတဲ့ အကြောင်းအရာဖြစ်တယ်။အဲ့ဒီအချိန်မှာ ဘုန်းကြီးစကားသာလျှင် လူရာဝင်တဲ့ ကျွန်မရဲ့ဒေသက အခြားအပြင်က အမှန်တရားတွေကို သိခွင့်မရဘဲ လူမျိုးရေးမုန်းတီးစိတ်သာလျှင် ပျံ့နှံ့နေခဲ့တယ်။ ဆိုတော့ တကယ် သတင်းအမှောင်ချ ခံခဲ့ရလား ဆိုရင် အဲ့ဒီလိုဒေသတွေမှာ မှန်ပါတယ်လို့ပဲ ပြောရပါမယ်။ ကျွန်မတို့ရဲ့ ယုံကြည်လက်ခံမှု၊အတွေးအခေါ်ဘောင်ဟာ နိုင်ငံတော်က တွေးစေချင်တဲ့အတိုင်းပဲ ဖြစ်ခဲ့တယ်။

အောက်ခြေလူတန်းစားဟာ တကယ်ပဲညံ့ဖျင်းနုံချာသလား

အခုထိလည်း material aspect မှာ တိုးတက်မှုကြီးကြီးမားမား မရှိသေးတဲ့ ကျွန်မရဲ့ မွေးရပ်မြေကို ကြည့်ရင် အတွေးအခေါ်ဟာလည်း အများကြီး မယ်မယ်ရရ တိုးတက်မလာသေးပါဘူး။ နေ့စဥ် စားဝတ်နေရေး အတွက် လုံးချာ လိုက်နေရတဲ့ နေရာကလူတွေအတွက် တော်လှန်ရေးအတွင်းမှာလည်း အိုင်ဒီယော်လော်ဂျီက အမေစုနဲ့ အန်အယ်လ်ဒီ က လွဲရင် သူတို့ဘာမှ မသိပါဘူး။ သူတို့နဲ့ စကားပြောဖို့ဆိုရင် “အနီလား၊အစိမ်း”လား ဆိုတဲ့ ရပ်တည်ချက်နှစ်ရပ်ပဲ ရှိတယ်။ နိုင်ငံတော်ပိုင် မီဒီယာတွေထက်ပိုပြီး ရွေးချယ်ခွင့် ရလာတဲ့သူတို့မှာ နည်းနည်းတိုးတက်လာတာက အရင်က တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ရန်သူမဟုတ်ဘဲ ရန်သူကဘယ်သူလဲဆိုတာ သဘောပေါက်လာကြတယ်။ ဖွံ့ဖြိုးမှု ကြီးကြီးမားမား မရှိတဲ့ နေရာမှာတောင် အခွင့်အရေးပေးခဲ့ရင် သူတို့ဟာ ပြောင်းလဲတွေးခေါ်နိုင်စွမ်းရှိပါတယ်။

အိုင်ဒီယော်လော်ဂျီပြောင်းလဲရေးဟာ ရေပေါ်ဆီဆန်သလား

နွေဦးတော်လှန်ရေးမှာ အတွေးအခေါ် ပြောင်းလဲမှုအတွက် လုပ်နေကြတာဟာ လူလတ်တန်းစားအကြားမှာပဲ ပိုမိုစိမ့်ဝင်တယ်လို့မြင်တယ်။ စကားဝိုင်းတွေ အချို့တော်လှန်ရေးစာစဥ်တွေကို ထုတ်ဝေနေတဲ့ page တွေကို အောက်ခြေလူတန်းစားအတော်များများက မသိပါဘူး။ ဒီနည်းလမ်းမှာ အားနည်းချက်တွေ ရှိနိုင်ပေမယ့် ဒီလိုစာစဥ်တွေကြောင့်ပဲ “စု၊ရွေး၊လွှတ်” ကနေ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” အထိအရွေ့တစ်ခုအထိ ရောက်ခဲ့တယ်။ စု၊ရွေး၊လွှတ် ကို ဦးတည်ပြောခဲ့တဲ့ မရိုးသားသူ အချို့ကို ဒီလိုစာစဥ်တွေ၊ စကားဝိုင်းတွေကနေ တည့်မတ်ပေးခဲ့တယ်။ အောက်ခြေလူတန်းစားအထိ ပျံ့နှံ့ဖို့ ဆိုတာလည်း တဖြည်းဖြည်း စည်းရုံးယူရမှာပဲလို့ထင်တယ်။ အောက်ခြေမြေပြင်အထိ မစည်းရုံးနိုင်ရင်တောင် တပ်ဦးနေရာမှာနေရာယူထားတဲ့ အချို့နိုင်ငံရေးသမားတွေကို ရိုးသားအောင် ရွေ့နိုင်ရင်တောင် မဆိုးဘူးလို့ပဲ ပြောရမှာပဲ။

ဆိုတော့ အတွေးအခေါ်တော်လှန်ရေးက မလွယ်ကူပေမယ့်လို့ အောက်ခြေလူတန်းစားအထိရောက်ဖို့အတွက် လူထုဟာ စောက်သုံးမကျပါဘူး ဆိုတာထက်စာရင် စည်းရုံးသိမ်းသွင်းဖို့လိုပါကြောင်း။   

Comments

Popular posts from this blog

"Dandelion Notes"

Literary Commentary on "Happening"