"Personal Outburst"


အာဏာသိမ်းပြီးစ ကာလတည်းက ကျွန်မကိုယ်တိုင်ရဲ့ ဝိရောဓိဖြစ်မှုတွေကို ပြန်မေးရင်း ခဏခဏမွန်းကြပ်ရတယ်။ ဒီအကြောင်းကို ရေးဖို့ စဥ်းစားနေတာကြာပေမယ့် page တစ်ခုက ဘာသာပြန်တဲ့ Mark Fisher ရဲ့ Good for Nothing ကို ဖတ်ရင်း ရေးမိသွားတယ်။ သူငယ်ချင်းတစ်ယောက်က ကျွန်မဟာ ivory tower ထဲမှာ ပိတ်မိနေသူလို့ ဆိုတယ်။ ကိုယ်တိုင် ပြန်စဥ်းစားကြည့်တော့လည်း ကျွန်မ လုပ်နေတာနဲ့ ကိုယ်တိုင် ယုံကြည်ချက်တွေဟာ ခဏခဏ ဝိရောဓိဖြစ်ရတာ အမှန်ပါပဲ။ ကျွန်မကိုယ်တိုင်က တန်းတူညီမျှမှုရှိတဲ့ လူမှုအဖွဲ့အစည်းတစ်ခုကို တောင့်တပေမယ့် အတွေးတော်တော်များများဟာ power struggle၊ လူမှုအဖွဲ့အစည်းအတွင်းမှာ စိမ့်ဝင်နေတဲ့ power relations တွေကို မေးခွန်းထုတ်ရင်း၊ အလိုမကျရင်းပဲ အဆုံးသတ်သွားတယ်။ နောက်ပြီး ကျွန်မဘာသာ အားမလိုအားမရ ဖြစ်ရတာက ကျွန်မဟာ အခြားသူနားလည်သဘောပေါက်အောင် စကားပြောတတ်တဲ့ စွမ်းရည်မရှိတာကိုပါပဲ။ ဒါက ဘယ်အချိန်တွေမှာ သိသာလည်း ဆိုရင် ကျွန်မရှေ့မှာ argument တစ်ခုကို အစပျိုးတဲ့အချိန်ပဲ၊ ဥပမာ- ကျွန်မကိုယ်တိုင်က အမြစ်ကနေလှန်ပစ်ပြီး ပြောင်းလဲရမယ် ဆိုတဲ့ လူမှုအဖွဲ့အစည်းအတွင်း စိမ့်ဝင်နေတဲ့ မမျှတတဲ့ ဂျဲန်ဒါ ယူဆချက်တွေ၊ လူမျိုးကြီးဝါဒက မြစ်ဖျားခံလာတဲ့ အတွေးအခေါ်တွေ စသဖြင့်ပါပဲ။ ပုံမှန်အားဖြင့်တော့ အဲ့လောက်ထိ ခံစားရမယ် မထင်ပေမယ့် ကျွန်မကိုယ်တိုင်ကကျတော့ ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ၊ အထူးသဖြင့် မျှမျှတတ တွေးခေါ်တတ်တဲ့ သူငယ်ချင်းတွေသာအများဆုံးရှိတဲ့ လူနည်းစု ပလက်ဖောင်းမှာကျတော့ ဒီအကြောင်းအရာတွေကို ထပ်ခါထပ်ခါရေးမိနေရင်း လက်တွေ့အပြင်မှာ(အထူးသဖြင့် ရှေးရိုးစွဲအယူအဆတွေနဲ့သာ နေသားကျနေတဲ့ ကျွန်မရဲ့မွေးရပ်မြေက စားဖို့အနိုင်နိုင်သာရုန်းကန်နေရတဲ့ လူတွေကြားမှာ)ကျ ပြောဖို့တွန့်ဆုတ်နေတာက ဆိုရှယ်မီဒီယာ campaign တွေဟာ ရေပါ်ဆီဆန်ပါတယ်လို့ မြင်ပြီး လက်တွေ့မှာကျ သူရဲဘောကြောင်တဲ့ ကျွန်မရဲ့လုပ်ရပ်ကို ပြန်ပြီး မေးခွန်းထုတ်မိစေတယ်။ တချိန်တည်းမှာ ကျွန်မက လီနင်တို့ပြောနေတဲ့ mass power အကြောင်း၊ တန်းတူညီမျှမှု ရှိတဲ့ လူမှုအဖွဲ့အစည်းတစ်ရပ်အကြောင်းကို ပြောနေပေမယ့် လက်တွေ့မှာကျ အဲ့ဒီလို လှုမှုအဖွဲ့အစည်းဟာ (ဒီနေ့ အရင်းရှင်စနစ်အောက်မှာ) ပေါ်ပေါက်နိုင်မယ်လို့ ထင်မနေပြန်ဘူး။ တနည်းအားဖြင့် တော်လှန်သွေး မနီတဲ့ ကျွန်မရဲ့ စနစ်ကိုပဲ လက်ညှိုးထိုးပြချင်နေတဲ့ စိတ်က အနိုင်ယူနေတယ်လို့လည်း အပြစ်တင်မိနေပြန်တယ်။ နိုင်ငံရေးဆုံးဖြတ်ချက်တွေဟာ နိုင်ငံတော်ရယ်၊ နိုင်ငံတော်ရဲ့အာဏာကို ခြယ်လှယ်နိုင်စွမ်းရှိတဲ့ အထက်တန်းလွှာ ဘူဇွာတွေကပဲ ချုပ်ကိုင်ထားတယ်လို့ ကျွန်မက ယူဆတယ်။ ဒီလို Participatory Democracy အကြောင်းပြောတဲ့အခါ Herbamas တို့ ပြောနေတဲ့ အတန်းလွှာမျိုးစုံက လာရောက်ပြီး ကိုယ့်ရဲ့ယူဆချက်ကို ပြောနိုင်တယ်ဆိုတဲ့ public sphere ဆိုတာကြီးကိုလည်း ရေပေါ်ဆီဆန်တယ်လို့ ကျွန်မက မြင်နေပြန်တယ်။ အထူးသဖြင့် ဒီလိုနေရာမှာရော power hegemony မရှိနိုင်ဘူးလားဆိုပြီးတော့ပေါ့။ ဆိုတော့ participatory democracy ကို စဥ်းစားတဲ့ ဒီလို concept မျိုးမှာတောင် လုံးဝတန်းတူညီမျှမှုရှိတဲ့ အခင်းအကျင်းမရနိုင်ဘူးလို့ ကျွန်မက ယူဆပြန်တယ်။

ဒီလို မညီမျှမှုအားလုံးက စနစ်ကို မြစ်ဖျားခံလာတာဖြစ်တဲ့အတွက် စနစ်ကိုဖြိုချဖို့လုပ်တဲ့အခါမှာ လူထုတစ်ရပ်လုံးရဲ့အားလိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဘာသာရေးဟာ ထိလွယ်ရှလွယ်ဖြစ်တဲ့အတွက် ဖြိုဖျက်ဖို့လိုနေတဲ့ ဘာသာရေးရဲ့ကြောင်သူတော်ဆန်မှုတွေကို ပြောတဲ့အခါ အခုတော်လှန်ရေးကာလမှာ လူမျိုးစုတွေကို စာနာနိုင်လာတဲ့ လူထုအတွက်ကရော အဆင်သင့်ဖြစ်ပါ့မလား၊ နောက်ပြီး ပေါ်ပြူလစ်နိုင်ငံရေးကိုရောကျော်နိုင်ပါ့မလားဆိုတာ ကျွန်မအတွက် စဥ်းစားစရာပါပဲ။ ဒီလိုအတွေးတွေ စုလာတဲ့အခါမှာ စည်းရုံးရေးအကြောင်း၊ပညာသားပါပါ လုပ်ဖို့လုပ်နေတယ့် စည်းရုံးရေးအကြောင်းကို ပြောနေပေမယ့် ကိုယ်တိုင်ကကျတော့ အဲ့ဒီ capacity မရှိတဲ့ ကျွန်မကိုယ်တိုင်ကိုပါ ကျိန်ဆဲမိပြန်တယ်။

ဒီအတွေးအားလုံးက ကျွန်မခေါင်းထဲမှာ အစီအစဥ်မကျ၊အဖြေမထွက်ပဲ ပေါ်လာတဲ့အတွေးတွေပါပဲ၊ဒါမှမဟုတ်ရင် ကျွန်မတို့လူမှုအဖွဲ့အစည်းဟာ လုံးဝပြည့်စုံကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း ပေါ်ပေါက်ဖို့ အခွင့်အရေးမရတော့ပဲ အတိုင်းအတာတစ်ခုအထိပဲ ကောင်းမွန်တဲ့အခင်းအကျင်းကိုပဲဆောက်တည်နိုင်ပါတော့မလားလို့ တွေးရင်းပဲ တစ်ချိန်တည်းမှာ မာ့က်စ်တို့ရဲ့ လူမှုတော်လှန်ရေးသဘောတရားတွေကို ကျယ်ကျယ်လောင်လောင်ပြောနေတဲ့ ကျွန်မရဲ့ကြောင်သူတော်ဆန်မှုကို ဆဲဆိုရင်း ဒီဆောင်းပါးကို ရပ်တန့်လိုက်ပါတယ်။ ။

Comments

Popular posts from this blog

"Dandelion Notes"

Literary Commentary on "Happening"